Friday, November 30, 2012
တွဲလက်တစ်စုံ
တူညီနေကြတဲ့ နှလုံးသားတစ်စုံ
အင်အားရှိတဲ့ တွဲလက်တွေနဲ့
ရည်ရွယ်ရာ ပန်းတိုင်ကို
အေးချမ်းတဲ့ ချစ်မေတ္တာ တွေနဲ့အတူ
အမြဲထာဝရ တူညီနားလည်စွာ
လျှောက်လှမ်းကြစို့ ကိုရယ်
Tuesday, November 13, 2012
ဆန္ဒ
မင်း နဲ့ ငါ့ကြားမှာရှိတဲ့
အရမ်းပါးလွှာပြီး ထက်မြတ်တဲ့
ကြိုးတစ်ချောင်း
ခိုင်မာအောင်ဝိုင်းပြီးကြိုးစားနေတဲ့
မျက်လုံးများစွာကို ကျော်ဖြတ်ဖို့
ငါ ဘယ်လိုခွန်အား၊ အင်အားတွေနဲ့
ရင်ဆိုင်ရမလဲ။
ငါ့အနားမှာ အတူရှိနေပေးရင်
အရာအားလုံးကို ငါ အနိုင်ရမှာပါ။
အရမ်းပါးလွှာပြီး ထက်မြတ်တဲ့
ကြိုးတစ်ချောင်း
ခိုင်မာအောင်ဝိုင်းပြီးကြိုးစားနေတဲ့
မျက်လုံးများစွာကို ကျော်ဖြတ်ဖို့
ငါ ဘယ်လိုခွန်အား၊ အင်အားတွေနဲ့
ရင်ဆိုင်ရမလဲ။
ငါ့အနားမှာ အတူရှိနေပေးရင်
အရာအားလုံးကို ငါ အနိုင်ရမှာပါ။
အချစ်ကိုသိချိန်
“ အချစ်ကိုသိချိန် “ မှာ
သာယာအေးငြိမ့်တဲ့
ပျော်ရွှင်ကြည်နူးဖွယ် နေ့ရက်
မက်မောတောင့်တမိတယ်။
“ အချစ်ကိုသိချိန် “ မှာ
တွယ်တာမှုသံယောဇဉ် အထပ်ထပ်နဲ့
အိပ်မက်တွေထဲထိ
အတူတူရင်ခုန်ခံစားမိပြီးမှ
မစားသင့်တဲ့အသီး...............။
“ အချစ်ကိုသိချိန် “ မှာ
သာယာအေးငြိမ့်တဲ့
ပျော်ရွှင်ကြည်နူးဖွယ်နေ့ရက်
ကိုယ်တိုင်လက်လွှတ်ခဲ့လိုက်မိပါခဲ့ပါတယ်။
သာယာအေးငြိမ့်တဲ့
ပျော်ရွှင်ကြည်နူးဖွယ် နေ့ရက်
မက်မောတောင့်တမိတယ်။
“ အချစ်ကိုသိချိန် “ မှာ
တွယ်တာမှုသံယောဇဉ် အထပ်ထပ်နဲ့
အိပ်မက်တွေထဲထိ
အတူတူရင်ခုန်ခံစားမိပြီးမှ
မစားသင့်တဲ့အသီး...............။
“ အချစ်ကိုသိချိန် “ မှာ
သာယာအေးငြိမ့်တဲ့
ပျော်ရွှင်ကြည်နူးဖွယ်နေ့ရက်
ကိုယ်တိုင်လက်လွှတ်ခဲ့လိုက်မိပါခဲ့ပါတယ်။
Sunday, September 16, 2012
သက်ဆိုင်သူတစ်ယောက်
အမြဲလို ဖြူစင်တက်တဲ့ “ ပုံရိပ်“
ကြင်နာတက်တဲ့ “ စကားသံ“ထိခိုက်မှုကို မခံနိုင်တက်တဲ့ “ နှလုံးသား“
ချစ်သူကို “ ခင်တွယ်“ တက်တဲ့ နှလုံးသားပိုင်ရှင်
အဲဒီလို အဖြူရောင်ပုံရိပ်နဲ့စကားသံပိုင်ရှင်ဟာ
“ သက်ဆိုင်သူတစ်ယောက်“ သာ
ဖြစ်နိုင်မယ်ထင်တယ်နော်။
Friday, June 22, 2012
လွမ်းရိပ်ချို
မှောင်မဲတဲ့ကောင်းကင်မှာ
ကြယ်ကလေးတွေကမှိတ်တုံ့မှိတ်တုံ့နဲ့
ငါ့ကိုပြုံးနေကြ
သိပါတယ်
မင်းတို့ပြုံးတာလှောင်ပြုံးပဲဖြစ်မှာပါ
ငါ့မှာကမပြုံးနိုင်တာကို
မကြာလိုက်ပါဘူး
လမင်းကမပြည့်မမိုက်
အလင်းတ၀ိုက်နဲ့ထွက်လာတာ
အဖော်လဲမပါခဲ့ပါ
ငါ့ကို ကိုယ်စားပြု အားပေးလို့
မပြည်စုံတဲ့ငါ့ဘ၀မှာ
လမင်းမြင်တိုင်းအလွမ်းတွေဝိုင်းနေတာ သတိရပေးပါ ။
Wednesday, June 20, 2012
ပြောင်းလဲခဲ့သော ဘ၀တစ်ခု
ဘ၀ ဆိုတာ အချိုးအကွေ့ အတက်အဆင်း အလှည့်အပြောင်း အမျိုးရှိတာကို ဘ၀လို့ ခေါ်တာပဲလား။ လူ မှန်သမျှ ဘ၀ရဲ့ အလှည့်အပြောင်းကိုတော့ ကြုံဖူးကြမှာပဲနော်။
ပြောင်းလဲမှုဆိုတာ အဆင့်ဆင့်ဖြစ်ပေါ်လာလေ့ရှိတယ်။ အခြေအနေတစ်ခုကနေ တစ်ခုကို ရုပ်ခြည်းပြောင်းလဲသွားတယ်ဆိုတာ လူတိုင်းဖြစ်နိုင်သော်လည်း ဖြစ်ခဲပါတယ်။ ဘယ်လို အခြေအနေမျိုးတွေမှာ ဖြစ်တတ်သလဲဆိုရင်...
ဖန်တီးယူလို့မရတဲ့၊ ဖျက်ဆီးပစ်လို့မရတဲံ့ “အချစ်” ဆိုတာမျိုး ဖြစ်ပေါ်လာမယ် ဆိုရင်ဖြစ်တတ်ပါတယ်။ လူတိုင်း အချစ်ကို ဖြစ်ပေါ်ဖူးပေမယ့် ၊လူတိုင်းတော့ ဘ၀တစ်ခုလုံးမပြောင်းနိုင်ပါဘူး။
အချစ်ဆိုတာ ကျရှုံးချင်း တစ်မျိုးပဲ ဆိုတဲ့ အဆိုကို လူတိုင်းလက်ခံနိုင်မလားတော့မသိဘူး။ လက်မခံ နိုင်တဲ့ သူကအချစ်စစ်ကို မတွေ့သေးလို့ပဲ။ ...ဆက်ရန် <ကန့်ကတ်>

Tuesday, June 5, 2012
မယ်ဇလီဖူး နဲ့ အေဆာ
အခုဆိုရင် အရင်ကလို ကျုပ်နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်တော့ပါဘူး။ အသက်အရွယ်လေး ရလာပြန်တော့လည်း အအိပ်အနေလဲ နည်းလာတဲ့ သဘောပေါ့။
အဲဒါတွေအပြင် ပူပင်ရတဲ့ အပူအပင်ကလည်း ပိုတိုးလာသကိုး။ တိုးဆိုရှေ့နှစ်ရောက်ရင် ကျုပ်တိုရဲ့
ရင်နှစ်သည်းခြာလေး
“ ခြူးခြူး ” က ကိုးတန်းရောက်တော့မှာလေ။ အခုတောင်
“ ခြူးခြူး” လေးရဲ့ ပညာသင်စရိတ်၊ အ၀တ်အစားဖိုးနဲ့ ကျန်းမားရေးစရိတ်ကလည်း တစ်နှစ်ထက်တစ်နှစ်
ပိုလို့သာတိုးလာတယ်။ ဒါတောင်ဆရာ၊ ဆရာမတွေက ကျုရှင်စရိတ်၊ အချိန်ပိုကြေးတွေမယူပဲ စေတနာနဲ့
ကူညီနေကြလို့သာ တော်တော့တယ်ဗျာ။
ရင်နှစ်သည်းခြားလေး “ ခြူးခြူး ”ရဲ့ အကြောင်းကို နည်းနည်းတော့ ပြောပြချင်သေးတယ်ဗျာ။
ကြွားတယ်ဆိုလည်း ခံရမှာပဲပေါ့။ သမီးလေးက ကျုပ်တို့နှစ်ယောက်နဲ့ နည်းနည်းလေးမှ မတူဘူး။
မတူဆို လုံးဝကို မတူတာဗျို့။ အသားအရေလေးဆိုတာကလည်း ဖြူဝင်းနေတာပဲ။ အရပ်အမောင်း ကလည်း
ကောင်းသေး ၅ ပေ ၆ လက်မ ဆိုလားပဲ။ ဆံပင်လေးတွေဆိုတာကလည်း
အိစက် မဲမှောင်ပြီး ဖျောင့်စင်းနေတာပဲ။ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ ကျုပ်တို့ရဲ့
ရင်နှစ်သည်းခြားလေးက လိမ္မာရေး ခြားကလည်းရှိ၊ စာကလည်းတော်၊ ဆရာဆရာမ ၊ လူကြီးသူမတွေကလည်း
ချစ်ခင်ကြ ဆိုတော့ ကျုပ်တို့လင်မယား နှစ်ယောက်အတွက်ကတော့ ဂုဏ်ယူဖွယ်ရာ ရင်နှစ်သည်းခြာလေး
ပေါ့ဗျာ။
သမီးလေးအကြောင်းပြောပြတော့ သူ့အမေ “ ခင်ပု ” အကြောင်းကိုလည်း ပြောပြရမှာပေါ့။
အဲဒါမှ ခင်ဗျားတို့လည်း ဇတ်ရည်လည်မှာကိုး။ သမီးလေးရဲ့အမေ “ ခင်ပု ” က ကျုပ်စောင့်တဲ့
ကျောင်းမှာ ဈေးလာရောင်းတာပေါ့ဗျာ။ အသားညိုညို၊ ဒေါင်ကောင်းကောင်းနဲ့ “ ခင်ပု ”ကို
သဘောကျတဲ့သူတွေကလည်း အများသားလား။ ဆိုက်တွဲဆရာကိုတင်ဆောင်၊ လက်ဖက်ရည်ဖျော် ဆရာ ကိုမောင်မောင်၊
ဆံသဆရာ ကိုအောင်မောင်း ပြီးတော့ ကျုပ်။ “ ခင်ပု ” ကိုသဘောကျတဲ့ သူတွေထဲမှာတော့ ကျုပ်ကစတားပဲဗျို့။
“ ခင်ပု ” ကိုယ်တိုင်ကိုက ကျုပ်အနား ရစ်သီရစ်သီ လုပ်တာ လေ။ သူကလည်း အကြောင်းမဲ့တော့
မဟုတ်ဘူးဗျို့။ သူကျောင်းဈေးလာရောင်းရင် ကျုပ်က ကူညီနေကြလေ။ အဲဒီလိုကူညီရင်း ခင်မင်ခဲ့တာကတဆင့်
“ ခင်ပု ” နဲ့ ကျုပ်က အကြောင်းပါခဲ့တာ ဆိုပါတော့။ ကျုပ်ကလည်း အဖေ့အမွေဆက်ခံရင်း မွေးကတည်း
ဒီကျောင်းမှာ ကျောင်းစောင့်အနေနဲ့ နေလာခဲ့တာဆိုတော့ တခြားဘာအလုပ်မှ မလုပ်တက်တော့ဘူးဗျို့။
ရတဲ့လစာလေးနဲ့ပဲချိုးခြံချွေတာ ရင်းနဲ့ နေလာခဲ့တာပဲ။ အိမ်ထောင်ကျတော့ နှစ်ယောက်တစ်ဘ၀ပေါ့။
“ ခင်ပု ”ကဈေးရောင်းရတဲ့ဝင် ငွေလေးနဲ့ ကျုပ်လစာ နှစ်ခုပေါင်းလိုက်တော့ ၀မ်း၀၀စားနိုင်သလို၊
ခါးလှလှဝတ်နိုင်တာပေါ့။ လှူတန်
လှူ၊ နောင်ရေးအတွက် စု တန်
စုရင်း ဘ၀ကိုအေးချမ်းစွာ ဖြတ်ကျော်လာခဲ့ကြတယ်။ “ ခင်ပု ” က ရာသီပေါ်သီးနှံကိုလည်းရောင်း၊
အချဉ်ပေါင်းလည်း လုပ်ရောင်း၊ ရေခဲချောင်းလည်း ရောင်းတာပဲ။ အသုတ်ကလေးတောင် ရောင်းလိုက်သေးဗျာ။
“ ခင်ပု ”က လက်ဆိပ်ကလည်းရှိ၊ သန့်သန့်ရှင်းရှင်း လည်း လုပ်တက်ကိုင်တက်၊ နှုတ်ကလေးကလည်း
ချို ဆိုတော့ ကျောင်းသူကျောင်းသားတွေတင် မကပဲ ဆရာဆရာမတွေရဲ့ ဖောက်သည်ပဲဗျို့။ ကိုယ့်လူ
အချင်းချင်း အားပေးတဲ့ သဘောလည်း ပါတာပေါ့ဗျာ။ အဲဒီလိုနဲ့ သမီးလေး “ ခြူးခြူး ” ကို
ကိုယ်ဝန်စရလာချိန်မှာ ကျုပ်တို့နှစ်ယောက်ရဲ့ ကလေးကို စိတ်ကူးနဲ့ ပုံဖော်ရင်း ပျော်ရွှင်ကြည်နူးခဲ့ရတဲ့
နေ့ရက်တွေကို ပိုင်ဆိုင်လာခဲ့တယ်။ ကိုယ်ဝန်နုတုန်းကတော့ “ ခင်ပု ”က ဈေးရောင်း၊ ကျုပ်က
ကူညီနဲ့ ပျော်ရွှင်ခဲ့ရတယ်။ ကိုယ်ဝန်လရင့် လာချိန်မှာတော့ “ ခင်ပု ” ဈေးရောင်းတာကို
နားခိုင်းလိုက်ရတယ်။ “ ခင်ပု ” က မိခင်မေတ္တာနဲ့ မမြင် ရသေးတဲ့ ကလေးရဲ့ အနာဂါတ်အတွက်ဆိုပြီး
ဈေးရောင်းချင်သေးတယ်။ ဘယ်ရမလဲ။ ကျုပ်က နားဆို နားပဲ။ အဲဒီတော့ “ ခင်ပု ” ကိုယ်စားကျုပ်
အလုပ်ကို အရင်ကထက် ပိုကြိုးစား လုပ်ဖြစ်တယ်။ အရင်က တစ်ခြားအလုပ် မလုပ်တက်ဘူးဆိုပေမယ့်
ကျုပ်ရဲ့ ရင်သွေးအတွက်ဆိုပြီး တွေးလိုက်တာ နဲ့တင် အလုပ်ကို အစုံလုပ်ဖြစ်သွားတယ်။ အိမ်သာကျင်းတူး၊
မြက်ရှင်း၊ ထင်းပေါက်၊ အလှူအိမ်ကူ၊ ခေါင်းမိုး မိုး၊ ကျောက်သယ် အကုန်ကို စုံနေတာပဲဗျို့။
“ အဟွတ်----- အဟွတ် ”
“ ဘယ်နှနာရီရှိနေပြီလဲ......... တော် အိပ်မပျော်ဘူးလား၊
နေမကောင်းလို့လား ”
ဘေးနားက တံတောင်နဲ့တွတ်ရင်း
မေးလိုက်တဲ့ “ ခင်ပု ” အသံကြားမှ အတိတ်ကာလဆီ ပျံ့လွင့်နေ တဲ့ ကျုပ်ရဲ့စိတ်တွေ ပစ္စုပုန်
ကာလဆီကို ပြန်ရောက်လာခဲ့တယ်။
“ ၅ နာရီထိုးပြီ ခင်ပုရေ---
မင်းအိပ်ချင်ရင် အိပ်နေလေ၊ ငါထလိုက်မယ်။ ”
“ နေပါတော်၊ ကျုပ် ထမှာပေါ့
၊ တော် ------ မနေ့က အလုပ်တွေ ပင်ပန်းထားတာ တစ်ရေး မှေးလိုက်အုံး။ ”
“ ခင်ပု ” က ပြောလည်းပြော၊
ထ လည်း ထရင်း၊ မျက်နှာသစ်၊ မီးမွှေး၊ ရေနွေးအိုး တည်နေပါပြီ။ ကျုပ် ညက အတွေးတွေ များနေလို့
ဘယ်အချိန် အိပ်ပျော်သွားမှန်း မသိပါဘူး။ တစ်မှေးဆိုပေမယ့် ခဏပါဘဲ။ ကျုပ်လည်းအိပ်ယာထ၊
မျက်နှာသစ်၊ ဘုရားဝတ်တက်ပြီး “ ခင်ပု ” နေစဉ်လျှော်ဖွပ်ပေးတဲ့ တဘက်ကလေးကို ပုခုံးပေါ်တင်၊ တံမြက်စည်းကိုယူပြီး
ကျောင်းဘက်ကို ထွက်လာခဲ့လိုက်တယ်။ လမ်းလျှောက်ရင်းနဲ့မှ သတိရလာတယ်။ သမီးလေးကို အစောကြီး
မနှိုးဖို့ “ ခင်ပု ”ကို မမှာခဲ့ရဘူး။ ဒါပေမယ့် “ ခင်ပု ” သိမှာပါလေ။ ကျောင်းကိုရောက်ပြီဆိုတာနဲ့
အရင်ဦးဆုံးကျောင်းဘုရားခန်းကိုဖွင့်၊ ဖုန်သုတ် ၊ သောက်တော်ရေလဲ၊ ဘုရားပန်းအိုးထဲက
ရေတွေကိုလဲ၊ ပြီးရင် ပန်းတွေကို ပြန်ပြီးပြုပြင်၊ အမွှေးတိုင်ထွန်း၊ ဆီမီးတိုင်ထွန်း၊
ဘုရားခန်းကို သပ်ရပ်အောင် တံမြက်စည်း လှည်းပြီးသွားပြီ ဆိုရင် ဘုရားခန်းအတွက်နေ့စဉ်တာဝန်တစ်ခုပြီးသွားပြီ။ဘုရားပန်း
အသစ်က နေ့စဉ်တာဝန်ကျ ကျောင်းသူ၊ ကျောင်းသားတွေ စုပြီး ၀ယ်လာကြလိမ့်မယ်။ သူတို့ရဲ့ ဆရာမက
ဦးဆောင်ပြီး ဘုရားပန်းအသစ်လဲ ပေးရင်း ဘုရားဝတ်တက်ကြလိမ့်မယ်။ ဘုရားခန်းကို ဖွင့်ပေးထားခဲ့ရုံပဲ။
ဘုရားခန်းထဲမှာ ပြီးသွားပြီ ဆိုရင် ဆရာမကြီးရဲ့ရုံးခန်းထဲကို သန့်ရှင်းရေးလုပ်ရမယ်။
စာပွဲပေါ်က စာအုပ်တွေပြန်စီ၊ ဖုန်သုတ်၊ အမှိုက်ပုံးထဲက အမှိုက်တွေကိုပစ်၊ သောက်ရေအိုး၊
အိမ်သားတွေ ရေဖြည့်၊ တံမြက်စည်း လှဲပြီးသွား ပြီဆိုရင် ကျောင်းအောက်ကိုဆင်းပြီး တံမြက်စည်းကြမ်းနဲ့
အမှိုက်တွေကိုလှဲ၊ အမှိုက်တွေ ကြုံး၊ သွားပစ်ပြီးပြီ ဆိုရင်တော့ ကျုပ်ရဲ့ တစ်မနက်စာတာဝန်က
ပြီးဆုံးသွားပြီ။ ဒါဆိုကျောင်းဝင်းထဲမှာပဲ ရှိနေတဲ့ကျုပ်ရဲ့အိမ်လေးကိုကျုပ် အမြန်ပြန်ရမယ်။အိမ်ပြန်ရောက်ပြီဆိုရင်
သမီးလေးနဲ့ မနက်စာကို အတူစားရမယ်လေဗျာ။ ကျုပ်လေ ခပ်သွက်သွက်အိမ်ဘက်ဆီကို လှမ်းလာခဲ့လိုက်တယ်။
“ ဖေဖေ ----- ပြန်လာပြီလား
၊ ဆာလာပြီလား ”
အိမ်ထိပ်မှ ဆီးကြိုပြီးမေးလိုက်တဲ့
သမီးလေးအသံကြောင့် အမောတွေ ပြေပျောက်သွားရစမြဲပါဘဲ။
“ ဆာလာပြီးပေါ့ သမီးလေးရယ်၊ စားကြရအောင်၊ အော်----- ဒါနဲ့ သမီးမေမေရော
”
“ ရှိပါတယ်တော်၊ ငါးခြောက်ဖုတ်ပြီး
ဆီဆမ်းနေလို့ မီးဖိုချောင်ထဲ ရောက်နေလို့ပါတော်။”
“ ကဲ --- သမီးလေး ထမင်းစားဖို့
လက်ကိုဆပ်ပြာနဲ့ သေချာဆေးလာခဲ့နော် ”
“ သမီးလေးရေ -- မေမေသွားပြီ။
သမီးကျောင်းဝတ်စုံကို သေတ္တာပေါ်မှာ ထုတ်ပေးခဲ့တယ်နော်။ အချိန်ဇယားအတိုင်း စာအုတ်တွေကို
လဲခဲ့ပြီးပြီ။ မုန့်ဖိုးကိုလည်းလွယ်အိတ်ထဲ ထည့်ပေးခဲ့တယ်နော်”
“ ဟုတ်ကဲ့ မေမေ ”
“ ကျုပ် အရင်သွားနှင့်တော့မယ်
ကိုရွှေမန်း ။ စားသောက်ပြီးရင် ပစ္စည်းတွေကို တစ်ခေါက်လောက် ထပ်ပို့ပေးအုံးနော်။ ”
ပြောပြောဆိုဆို ပစ္စည်းတွေခေါင်းပေါ်တင်ရင်း
ထွက်သွားပြီးမှ သတိရဟန်ဖြင့်
“ ကိုရွှေမန်း သမီးလေးကို
ငါးခြောက်ရိုးသေချာနွှင်ပေးလိုက်အုံနော်။ တော်ကြာ အရိုးစူးနေပါအုံးမယ်”
“ အေးပါကွာ၊ မင်းကလဲ ပူတက်ရန်ကော။
သွားနှင့် သွား----- သွား။
ထမင်းမစားခင် သမီးလေးကို
ငါးခြောက်ရိုးသေချာနွှင်ပေး။ ကော်ဖီကို သေချာအေးအောင်မှုတ်ပေးပြီး မှကျုပ် ထမင်းကိုမြန်မြန်စားလိုက်တယ်။
ထမင်းစားပြီးတော့သမီးလေးရဲ့ လွယ်အိတ်ကလေးကိုယူပြီး ကျောင်းဘက်ကို နောက်တစ်ခေါက် ထွက်လာခဲ့လိုက်တယ်။
သမီးလေးကို ကျောင်းခန်းထဲ့ ပို့ပေးပြီးမှ သမီးလေးအတွက် စိတ်အေးရတယ်ဗျို့။ နို့မဟုတ်ရင်
စချင်နောက်ချင်တဲ့ ကောင်ကလေးတွေက ခပ်ပေါပေါရယ်။ သမီးလေးရဲ့ အခန်းထဲက ထွက်လာတော့ ဂိတ်တံခါးဝနားမှာထိုင်ပြီး
စောင့်နေ လိုက်တယ်။ ခပ်လှမ်းလှမ်းက ဆရာမတစ်ယောက် စက်ဘီးလေးနဲ့ လာတာကိုလှမ်းမြင်လိုက်တော့
ထိုင်နေရာကထပြီး ခရီးဦးကြိုပြု နှုတ်ဆက်ရင်း စက်ဘီးကို နေရာချပေးလိုက်တယ်။ တစ်ဖြည်းဖြည်း
နဲ့ကျောင်းတက်ခေါင်းလောင်းထိုးပြီဆိုတာနဲ့ ကျောင်းတံခါးကို ပြန်ပိတ်လိုက်တယ်။ အင်း
---ဒီနေ့ လစာထုတ်ရက်ပဲ။ “ ခင်ပု ” လပေးနဲ့ ရောင်းထားတဲ့ အထည်ကြွေးလေးတွေကို ဈေးရောင်းပြီးရင်
သွားတောင်းနေရောပေါ့။ ဆရာဆရာမတွေကလည်း အပြောကောင်းတဲ့ “ ခင်ပု ”နဲ့ လိမ္မာတဲ့ သမီးလေးမျက်နှာကြောင့်
ပုဆိုး၊ ထမီ၊ ကလစ်၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် စတာတွေကို အားပေး လေ့ရှိတယ်။ “
ခင်ပု ” ဒီလိုမလုပ်ရင် သမီးလေးအတွက်ခက်ခဲ့နေရှာမှာပေါ့။ အခုတစ်လော ကျုပ်ကို လာခေါ်တဲ့
အလုပ်တွေကလည်း ပါးလိုက်တာဗျာ။ ကျုပ်တို့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကလည်း တစ်ဖြည်းဖြည်း
ပါးနေပြီ။ သမီးလေးအတွက် လိုအပ်တာတွေ ၀ယ်ပေးဖို့စုထားရင်းကနေ သမီးလေး အမေနေမကောင်း ဖြစ်လိုက်တာနဲ့၊
ဆေးကုတာနဲ့၊ ဈေးမထွက်နိုင်တာရောကြောင့် စုထားတာ
မရှိသလောက်ကို ဖြစ်နေပြီ။ ကျုပ် ဟိုဟိုဒီဒီ စဉ်းစားနေရင်းကပဲ ကျောင်းဆင်းချိန်ကို
ရောက်လာပြီ။ ကျောင်းဆင်းပြီဆိုတော့ ကျောင်းတံခါးကိုဖွင့်ပေး၊ သမီးလေးကိုသွားပြန်ကြို၊
အိမ်ပြန်ပို့ပေး ပြီးရင် “ ခင်ပု ” ဆီသွားပြီး
ဈေးကူသိမ်း၊ ကျောင်းခန်းတံခါးတွေကိုသေချာအောင် ပြန်လိုက်စစ်၊ သောခတ်ပြီးပြီဆိုရင်
ပြီးပြီဆိုရင် ကျုပ်ရဲ့ ညနေခင်းတာဝန်တစ်ခု ပြီးဆုံသွားပြီ။ အိမ်ပြန်ပြီး ရေမိုးချိုး၊
မိသားစု လက်ဆုံထမင်းစား၊ ပြီးရင် သမီးလေးက စာကျက်၊“ ခင်ပု ” က သမီးလေးစာကျက်တာကို စောင့်ပေးရင်နဲ့
နောက်တစ်နေ့ဈေးရောင်းသွားဖို့ ပြင်ဆင်နေတယ်။ ကျုပ်ကတော့ ထမင်းစာပြီး ကတည်းက အိမ်ရှေ့ထွက်ထိုင်နေလိုက်တော့တယ်။
အဲဒီလိုနဲ့ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်သွားခဲ့တယ်။ အခုတစ်လော ကျုပ်သတိထားမိတာ
တစ်ခုရှိတယ်။ “ ခြူးခြူး ”လေးရဲ့ မျက်နှာ သိပ်မကောင်းသလိုပဲ။ သမီးလေး ဘာဖြစ်လို့လဲ။
ကျောင်းမှာ ဘာအခက်အခဲများ ရှိလို့လဲ။ ဘာများ အလိုမကျလို့လဲ။ သမီးလေးမှာ ဘာလိုအပ်ချက်များ
ရှိလို့လဲ။ကျုပ်က သမီးလေးနဲ့ အမြဲတမ်း အနီးကပ် နေနေတာပါဗျာ။ ကျုပ်တို့ရဲ့ သမီးလေး လိုအပ်တာရှိရင်
ဖြည့်ဆည်းပေးနိုင်အောင် သမီးလေးကို အမြဲတမ်းအနီးကပ် လေ့လာစောင့်ရှောက်နေတာပါပဲ။ လိုအပ်တာတွေကို
ဖြည့်ဆည်း ပေးနိုင်အောင် ကျုပ်တို့လင်မယားနှစ်ယောက် သမီးလေးအတွက် ငွေအမြဲတမ်းစုဆောင်း
နေကြတာ ပေါ့။ ကျောင်းကပြန်လာပြီးဆိုရင် ပိုပြီးတော့ မှိုင်မှိုင်တွေတွေ ရှိလာတယ်။ သမီးလေးက
ဘာတစ်ခုမှ ပူဆာလေ့ မရှိဘူး။ သူလိုချင်တာကိုလည်း ပြောပြလေ့မရှိဘူး။ အင်း ........ မနက်ဖြန်မနက်
သမီးလေးကို ကျောင်းခန်းဘက် လိုက်ပို့ရင်းနဲ့ တစေ့တစောင်း အကဲခတ်အုံးမှပဲ။
“ ကိုရွှေမန်း ---- မအိပ်သေးဘူးလား။ သမီးလေး စာကျက်တာကို ကျုပ် စောင့်လိုက်မယ်။
တော်ဒီနေ့ အလုပ်ပင်ပန်းထားတယ်မှတ်လား ”
“ ခင်ပု ”အသံကြားမှပဲ ကျုပ်လည်း အတွေးကမ္ဘာကနေ ထွက်လာခဲ့ပြီး မနက်ဖြန်သမီးလေးရဲ့
အတန်းထဲကို အကဲခတ်ဖို့ တေးထားလိုက်တယ်။
“ အေး------ အေး၊ ဒါဆို ငါအရင်အိပ်နှင့်လိုက်တော့မယ်
”
“ သမီးလေးညည့်နက်အောင်ထိ
စာကြည့်မနေနဲ့နော်။ စောစောလေး အိပ်ယာဝင်နော်၊ ဘာစားချင်သေးလဲ၊ ဖေဖေ ဘာဝယ်ပေးရအုံးမလဲ။”
“ တော်ပြီ ဖေဖေ၊ ခုနကပဲ မေမေက
ပဲကိတ်နဲ့ ကော်ဖီတိုက်လို့ ဗိုက်ပြည့်သွားပြီ။ ”
အေး...... အေး ၊ ဒါဆိုလည်
စာဆက်ကျက်တော့နော်။ ”
“ ဟုတ်ကဲ့ ဖေဖေ ”
ဒီနေ့ အလှူအိမ်ကူတာနဲ့ ခြံထဲ မြက်ရှင်းခ နှစ်ခုပေါင်းပြီး ရထားတဲ့
လုပ်အားခထဲက သမီးလေး အတွက်သပ်သပ်ဖဲ့ပြီးစုနေ ကြဖြစ်တဲ့စုအိုးလေးထဲကိုကျုပ်ပိုက်ဆံပိုထည့်ပြီးတာနဲ့အိပ်ယာ
ဝင်ခဲ့တယ်။
“ ခင်ပု ”ကတော့ကျုပ်ထက်အရင်ဦးအောင်
စုအိုးထဲကို အရင်ထည့်လေ့ရှိတယ်။ ကျုပ်လည်း ပင်ပန်း ထားတဲ့ အရှိန်နဲ့ ခဏလေးအတွင်းကို
အိပ်ပျော်သွားလိုက်တာ မနက်တုံးမခေါက်ခင်အထိ တစ်ရေးတည်းပဲ။ မနက်ရောက်ပြန်တော့ ပြုနေကြ
နေ့ဓဒူဝကျောင်းကိစ္စပြီးတာနဲ့ သမီးလေးကို ကျောင်းဘက်လိုက်ပို့ရင်း သမီးလေးတို့အခန်းထဲကို
၊ သမီးလေးရဲ့ သူငယ်ချင်းတွေ၊ အတန်း ဖော်တွေကို လေ့လာဖြစ်တယ်။ သမီးလေးရဲ့ သူငယ်ချင်းတစ်ယောက်က
သေတ္တာအမဲလေးလို၊ ဖွင့်လို့ပိတ်လို့ရတဲ့ အပြားလေးကို ဖွင့်ပြတော့ အားလုံးက ၀ိုင်းကြည့်ပြီး
သဘောကျနေကြတယ်။အဲဒီ အထဲမှာ သမီးလေးရဲ့ မျက်ဝန်းနက်နက်က အတောက်ပဆုံးပဲ။ သမီးလေး အဲဒီသေတ္တာလိုဟာလေး
လိုချင်နေပြီဆိုတာကို ဖေဖေ သိလိုက်ပါပြီ။ အဲဒါ ဘာလေးလဲဆိုတာကို သမီးလေးရဲ့ဆရာမကို မေးကြည့်အုံးမှ။
တွေးရင် ကျောင်းအောက်ကို ပြန်ဆင်းလာခဲ့တုန်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သမီးလေးရဲ့
ဆရာမနဲ့ တွေ့လိုက်တယ်။
“ ပေး---- ပေး ဆရာမ။ ဆွဲခြင်းတွေနဲ့ စာအုပ်တွေ။ အောက်မှာ ထားခဲ့ရောပေါ့၊
ကျုပ် လာပို့မှာ ပေါ့။ ဘာစာအုပ်တွေ မို့လို့လဲ ဆရာမ ”
“ ကလေးတွေရဲ့ စာမေးပွဲစာအုပ်ပါရှင်၊သမီးကို ကျောင်းခန်းထဲ ပို့ခဲ့ပြီပေါ့။”
“ ဟုတ်ကဲ့ ၊ ဆရာမ၊ ဆရာမကို မေးစရာလေး တစ်ခုရှိလို့ပါ ”
“ အော် -- --- မေးလေ ၊ ဦးကြီး ”
“ သမီးရဲ့ သူငယ်ချင်းမလေး ကိုင်တဲ့ အမဲပြားပြားလေး ၊နှိပ်လို့လဲ
ရတဲ့ဟာလေးလေ။ အဲဒါကို ဘယ်လိုခေါ်သလဲဟင်၊ ဘယ်လောက်ပေးရလဲ ဆရာမ ၊ ကျုပ် သိချင်လို့ပါနော်။
”
ဆရာမက ကျုပ်မေးတာကို စဉ်းစားရင်
တစ်ခဏ ငြိမ်ကျသွားတယ်။ ပြီးမှ သတိရဟန်ဖြင့်
“ အော်-- ဟုတ်ပြီ ဦးကြီး မေးတာ ကွန်ပျူတာ ဖြစ်လိမ့်မယ်။ ခြူးခြူးရဲ့
သူငယ်ချင်းမလေး နိုပ်တာကို ပြောတာမှတ်လား။”
“ ဟုတ်ပဗျာ၊ အဲဒါကို ပြောတာ ၊ ဘာတဲ့ ----- ကွန်ပျူတာ --- ဟုတ်လား။”
“ ဟုတ်ပရှင် ၊ တံဆိပ်က အေဆာတဲ့ ၊ ဈေးကတော့ ကြီးတယ်၊ လေးငါးသိန်းလောက်တော့
ရှိမယ်ထင်တယ် ”
စကားပြောရင်း အခန်းထဲကို
ရောက်တော့ စားပွဲပေါ်ကို ပစ္စည်းတွေ တင်ထားခဲ့ပြီး သမီးကို တစ်ချက် လှမ်းကြည့်ဖြစ်လိုက်တယ်။
သမီးလေးကို ကွန်ပျူတာဆိုတဲ့ ပစ္စည်းအနားမှာပဲ ရှိနေသေးတာကို တွေ့လိုက်တယ်။ အော် သမီးလေး
ဒီပစ္စည်းကို တော်တော်လိုချင်နေမှန်း ဖေဖေ သိလိုက်ပါပြီ။ ဆရာမ ပြောတာကို သေချာမှတ်ထားမှ။
“ ကွန်ပျူတာ အေဆာတဲ့ ” ။ အဲဒီလိုနဲ့ ညနေဘက်
ကျောင်းဆင်းတော့ ခင်ပုကို ဈေးကူသိမ်းရင် အေဆာအကြောင်းတောင် ပြောပြဖြစ်သေးတယ်။ “ ခင်ပု ” ကတော့ ပြောပါတယ်။
“ သမီးလေး ကွန်ပျူကို လိုချင်စိတ်ရှိရင်လည်း အခုတစ်လော ငွေကို ကြိုးစား
စုကြရအောင်” တဲ့ ။ ဟုတ်တယ်။ အခုတစ်လော ငွေကို ကြိုးစားစုမှ သမီးလေး လိုချင်တာကို မြန်မြန်ဝယ်ပေး
နိုင်မှာပေါ့။ အခုတစ်လော ကျုပ်ကို အလုပ်လုပ်ဖို့ များများလာခေါ်ပါစေဗျာ။ ငွေကို အရင်ကထက်
ပိုပြီး စုအိုးလေးထဲကို ထည့််နိုင်ပါစေ။ ကျုပ်လည်း ထမင်းစား၊ ဘုရားရှိခိုးပြီးကတည်းက
အိမ်ရှေ့ ထွက်ထိုင်နေလိုက်တော့တယ်။ သမီးလေး လိုချင်တဲ့ အေဆာ အကြောင်း စဉ်းစားမိတယ်။
သမီးရယ် သမီးမပူဆာပေမယ့် သမီးလိုချင်တာကို အရိပ်တကြည့်ကြည့် ကြည်နေတဲ့ ဖေဖေ နဲ့ မေမေက သိပါတယ်ကွယ်။ ၀ယ်ပေးပါ့မယ်----------
သမီးလေးရယ် ။ ငွေ...... ငွေ။ ငွေကို ဘယ်လို ရှာရမလဲ။ စဉ်းစားရင် မယ်ဇလီဖူးတွေကို မျက်စိရောက်သွားတယ်။
မယ်ဇလီ------ မယ်ဇလီဖူးတွေ။ ဟုတ်ပြီ အခုလက တန်ဆောင်မုန်းလပဲ။ မယ်ဇလီဖူးတွေကို ခူးပြီး
ဆရာ၊ ဆရာမတွေကို ပြုတ်ရောင်း လို့ရလို အနီးအနားက အိမ်တွေကို “ ခင်ပု ” ကိုလှည့်ရောင်းခိုင်းရင်လည်း
ရတာပဲ။ ဒါဆိုရင် ငွေပို ထွက်လာနိုင်တာပဲ။ ဒါဆို သမီးလေးလိုချင်နေတဲ့ အေဆာကို အမြန်ဆုံးဝယ်နိုင်တာပေါ့။
မှောင်စ ပျိုးနေပေမယ့်လည်း ၀မ်းသာအားရနဲ့ အိတ်တစ်လုံးဆွဲပြီး မယ်ဇလီပင်တွေကို တစ်ပင်ပြီးတစ်ပင်
တက်ခူးနေမိတယ်။ ခူးနေရင် မယ်ဇလီတွေ ရလာလေလေ ကျုပ် ပျော်လေလေပဲ။ တစ်ပင်ပြီး တစ်ပင် တက်ခူးနေရင်နဲ့
မယ်ဇလီပင်တွေ အားလုံးကုန်သွားတယ်။ သြော် ---- မေ့နေလိုက်တာ။ ကျောင်းရှေ့က အလံတိုင်ဘေးနားမှာ
တစ်ပင်ကျန်နေသေးတာပဲ ။ကျုပ် ကျောင်းရှေ့ကို ထွက်လာခဲ့ လိုက်တယ်။ ကြည့်စမ်း ဒီအပင်က
အဖူးတွေဟာ တစ်ခြားအပင်က အဖူးတွေထက် ပိုများနေသလိုပဲ။ သစ်ပင်ပေါ်ကို အမြန်တက်သွားလိုက်ပြီး
ထပ်ဖျားမှာ ရှိနေတဲ့ အဖူးတွေကို ခူးနေလိုက်တယ်။ ပြီးတော့ အောက်နည်းနည်း ပြန်ဆင်းပြီး
အလံတိုင်ဘက်ခြမ်းမှာ ရှိနေတဲ့ အကိုင်းတွေဆီကို ကူးသွားလိုက်တယ်။ ကျုပ် မယ်ဇလီတွေကို
ခူးနေရင်းနဲ့ ပျော်ရွှင်နေတဲ့ ခြူးခြူးလေးရဲ့မျက်နှာကို မြင်ယောင်လာမိတယ်။ ကျုပ် တွေးရင်းလက်ကိုလှမ်းလိုက်တဲ့
အချိန်မှာ ကျုပ် ခန္ဒာကိုယ်ဟာ အေးခနဲ့ ၊ ဟာခနဲ့ ဖြစ်သွားပြီး အလံတိုင်အုတ်ခုံပေါ်ကို
ကျုပ် ခူးထားတဲ့ မယ်ဇလီဖူးတွေ အားလုံး မြေကြီးပေါ်ကို ရောက်ကုန်ပြီ။ ဟာ သွားပါပြီ။မဖြစ်ဘူး။
အမြန်ပြန်ကောက်မှ။ ကျုပ် တွေးရင်း ထလိုက်ြပီး မယ်ဇလီဖူးတွေကို လက်နဲ့ ကောက်ယူလိုက်တယ်။ဒါပေမယ့်
လုံးဝပါမလာဘူး။ ကျုပ် ဘယ်လိုပဲ ကြိုးစားကောက်ကောက် ပါမလာဘူး။
ဟော ဟိုမှာ ကျုပ်ရဲ့ သမီးလေးနဲ့ ကျုပ်မိန်းမ၊ အလံတိုင်အုတ်ခုံနားမှာ
ထိုင်ပြီး ငိုနေပါ့လား။
ခုနက ခြူးခြူးလေးရဲ့ မျက်နှာက
ပြုံလို့ပါ။ သမီးလေး ဘာကိုကြည့်ပြီး ငိုနေတာလဲ။ ကျုပ် အမြန်သွား ကြည့်လိုက်မိတော့
ကျုပ်နဲ့ တစ်ထေရာတည်း တူတဲ့သူကို ကြည့်ပြီး ငိုနေတာကိုး။ အဲဒီလူကလည်း မျက်နှာနဲ့ ရင်ဘတ်တွေမှာ
သွေးတွေနဲ့ပါလား။ သမီးလေး ကြောက်နေပါအုံးမယ်။ ကျုပ် သမီးလေး အနားသွားပြီး ကျုပ်ခန္ဒာကိုယ်နဲ့
သမီးလေးကို ကွယ်လိုက်တယ်။ သမီးလေးအနားကို သွားပြီး ထွေးပိုက်ဖို့ ကြိုးစားပေမယ့် သမီးလေးက
သတိထားမိဟန် မတူပဲ သည်းသည်းထန်ထန် ငိုကြွေး နေတယ်။ ကျုပ်မိန်းမ “ ခင်ပု ” ကို ကျုပ်
ခေါ်ပြန်တော့လည်း မကြားကြဘူး။ ကျုပ် အရမ်းအော်ခေါ် လိုက်တယ်။
“ ခင်ပုရေ
-------- ”
“ သမီးလေး ခြူးခြူးရေ ----------- ”
သူတို့ မကြားကြဘူးဗျာ။ မကြားကြဘူး။
ကျုပ်ရဲ့ သမီးလေးနဲ့ မိန်းမ ကျုပ်ကို စိတ်ဆိုးလို့ မသိ ဟန်ဆောင်နေကြတာလားဗျာ။ သမီးလေးရယ်
စိတ်ဆိုးတယ်ဆိုရင်လည်း စိတ်ဆိုးပြေပါတော့နော်။ သမီးလေးအတွက် အေဆာလေး ဖေဖေ၀ယ်ပေးပြီးပြီနော်။
သမီးလေး ကွန်ပျူတာကို နှိပ်တက် အောင်သင်နော်။ စာတော်အောင်လည်း စာကိုပြန်ပြီးလေ့ကျင့်နော်။
ဟော ---- ဖေဖေပြောတာကို သမီးလေး ကြားတယ်မှတ်လား။ ခြူးခြူးလေးရဲ့ မျက်နှာလေးလည်း တစ်ဖြည်းဖြည်း
ပြုံးလာ တယ်နော်။ ဖေဖေ အေဆာဝယ်ပေးရကြိုးနပ်ပြီပေါ့နော်။
ဟော------ ဟိုမှာ ရောင်စုံ
အလင်းတန်းတစ်ခု၊ အလင်းတန်းပြီးတော့ အမှောင်တိုက်တစ်ခု၊ အလင်းနဲ့ အမှောင်၊ အမှောင် နဲ့
အလင်း၊ အလွန်သေးငယ်တဲ့ အမှုန် အမွှားလေးတစ်ခု၊ သည်စကြာဝဋာကြီးရဲ့ အပြင်ဘက်........။
Wednesday, April 18, 2012
မင်း သာဖြစ်စေချင်
“ မင်း သာဖြစ်စေချင် ”
အားငယ်နေချိန်မှာ
မှီနွဲ့စရာ “ ပုခုံးတစ်ဖက် ”
ဝမ်းနည်းရှုံးနိမ့်နေချိန်မှာ
အားပေးနှစ်သိမ့်ပေးမယ့် “ အပြုံး ”
ယုံကြည်မှုပန်းတိုင်ကို
လျှောက်လှမ်းနေချိန်မှာ
လမ်းပျောက်နေခဲ့ချိန်မှာ
ဖေးမလက်တွဲ ခေါ်ယူသွားမယ့်
အင်အားရှိပြီး နွေးထွေးတဲ့
“ အကြင်နာ ” လက်တစ်စုံနဲ့
“ ချစ်သူ ” ဟာ
“ မင်း ” သာဖြစ်လိုက်ပါစေတော့ကွယ်
Wednesday, April 11, 2012
ပြောပြချင်ခဲ့သော
![]() |
ပန်းချီ- ဇော်မောင် |
ရှုပ်ထွေးလှတဲ့ လူ့ဘ၀မှာ ကျင်လည် နေကြတဲ့ လူသားတွေဟာ အသိပညာ၊ အတတ်ပညာ၊
အသိစိတ် တွေနဲ့ သူတို့ရဲ့ လူ့ဘ၀ သက်တမ်း
တစ်လျှောက်မှာ ကောင်းမွန် သင့်တင့် မျှတစွာ နေထိုင်နိုင်ဖို့
နည်းအဖုံဖုံနဲ့ အသုံးချရ စမြဲပါ။ အဲဒီလို အသိပညာ၊ အတတ် ပညာနဲ့ အသိစိတ်များ
ရရှိအောင် သင်ကြား ယူရတာ ရှိသလို ဘုရားက ပေးတဲ့ မျက်စိ၊ နား၊
ဦးနှောက်တွေကို အသုံးချပြီး တတ်မြောက် ရတာလည်း ရှိပါတယ်။
သင်ကြားပေးတဲ့ သင်ဆရာ များကို ကျွန်မတို့ ငယ်စဉ် ကျောင်းနေစဉ်မှာ စတင် ထိတွေ့ခွင့် ရကြပါတယ်။ အနေအထိုင်၊ အသွားအလာ၊ အပြော အဆို စတာတွေ ကိုပါ ကျောင်းက သင်ကြားပေး လေ့ရှိပါတယ်။ ဘုန်းကြီးကျောင်း သွားတဲ့ အခါမှာလည်း ဆရာတော်က ဆုံးမလေ့ ရှိတယ်။ လူ့ဘ၀ သက်တမ်းကို အများဆုံး ကုန်ဆုံးချိန် ဖြစ်တဲ့ မိသားစုနဲ့ အတူ နေထိုင်တဲ့ အခါမှာလည်း မိဘ၊ အစ်ကို၊ အစ်မ၊ ဦးလေး၊ အဒေါ်စတဲ့ ဆွေမျိုး များကလည်း “အိုး ကောင်း လိုချင်ရင် နာနာပုတ်” ဆိုတဲ့ စကား အတိုင်းပဲ လိမ္မာ ယဉ်ကျေးအောင် ဆုံးမလေ့ ရှိပြန်တယ်။ သူတို့ရဲ့ ကောင်းစေချင်တဲ့ ဆန္ဒနဲ့ ဆုံးမတဲ့ စကားတွေ အားလုံးကို ကျွန်မတို့ တစ်တွေဟာ အမြဲတမ်း လက်ခံ နားထောင် ရပါတယ်။
သိချင်တဲ့ အကြောင်း အရာတွေ၊ တွေးမိတဲ့ အရာတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေကို အလေး အနက်ထား တိုင်ပင် ဆွေးနွေးခွင့် မရရှိ ခဲ့ကြပါဘူး။ ပြောလာတဲ့ စကားလုံးတွေ အားလုံးကို လိုက်နာ နိုင်အောင်ပဲ လေ့ကျင့် ရပါတယ်။ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့် မရရှိ ပါဘူး။ အနောက် နိုင်ငံမှာ ဆိုရင် အရွယ် ငယ်ရွယ်သေး ပေမယ့် သူတို့ပြောပြ ချင်တဲ့ စကားတွေကို တစ်ဖက်လူနဲ့ ဆွေးနွေးတိုင်ပင် ခွင့်တွေ ရရှိ ကြပါတယ်။ ကျွန်မမှာလည်း ပြောပြချင် ခဲ့တဲ့ စကားတွေ ရှိပါတယ်။
ကျွန်မ ဒီစာကို ရေးဖို့ ရည်ရွယ်ခဲ့တာ တော်တော်ကို ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းက ရေးချင်နေတဲ့ ဆန္ဒကို သင့်တော်ပါ့ မလား၊ လက်ခံ ကြပါ့မလား ဆိုတဲ့ အတွေးတွေနဲ့ ဒီစာကို ရေးချင်တဲ့ ဆန္ဒကို ထိန်းချုပ်နေခဲ့ ရတာပါ။ အချိန်တွေ ကြာလာတာနဲ့ အမျှ ပြောပြ ချင်ခဲ့တဲ့ စကားများရဲ့ အစိုင် အခဲဟာ လျော့ပါး မသွားဘဲ ပိုမိုကြီးထွား လာခဲ့ပါတယ်။
အချိန်တိုင်းမှာ အဲဒီအကြောင်း တွေကိုပဲ စဉ်းစား မိနေတယ်။ ရုံးမှာ၊ အိမ်မှာ နေ့စဉ်ကြုံတွေ့ နေရတဲ့ အကြောင်းတွေ၊ ခံစားချက်တွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ လက်ရှိ ဖြစ်နေတဲ့ အကြောင်းတွေကို ပြောပြချင်တယ်။ ကျွန်မ ပြောပြချင်တဲ့ အကြောင်း အရာတွေကို လက်ခံ နားထောင်ပြီး အပြန်အလှန် ဆွေးနွေးပေးဖို့ ကျွန်မ အမှန်တကယ် လိုအပ် နေတာပါ။ ကျွန်မ ၂၀၀၈ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ Nurse Aid သင်တန်း တက်တုန်းက ကျွန်မ ဖြစ်ချင်တဲ့ ဆန္ဒကို အသေအချာ သိခွင့် ရခဲ့ပါတယ်။
ပြီးတော့ ကျွန်မ ဘာတွေကို ဘယ်လို ဖြစ်စေချင် တာကိုပါ ဆရာမ တစ်ယောက်ရဲ့ စကား တစ်ခွန်းနဲ့တင် ရှင်းရှင်းလင်းလင်း သိခဲ့ ရပါတယ်။ ကျွန်မတို့ သင်တန်းသူတွေ အားလုံးဟာ မနက် ၈ နာရီဆိုရင် Lecture ခန်းထဲဝင်ပြီး စာတွေ့ကို တစ်နာရီခွဲ ကြာအောင် လေ့လာသင်ယူ ရပါတယ်။ သက်ဆိုင်ရာ ဘာသာရပ် ဆရာဝန်၊ ဆရာမ များက သင်ကြား ပေးပါတယ်။ ပြီးရင်တော့ Ward ထဲ ဆင်းပြီး လက်တွေ့လုပ်ကြ ရပါတယ်။ သင်တန်း တက်ခါစ၊ နယ်က မိဘတွေကို ခွဲပြီးတော့ ရန်ကုန်လို မြို့ကြီးမှာ နေခါစ ဆိုတော့ အားငယ် နေတာတော့ အမှန်ပါပဲ။
ဒီနေ့ Lecture ခန်းထဲကို ဆရာမ အသစ်က ၀င်မှာဆိုတော့ ဘာသင်မှာလဲ ဆိုပြီး စိတ်ဝင်တစား စောင့်နေမိတယ်။ ဆရာမ ကတော့ အခန်းထဲကို ၀င်လာပါပြီ။ ကျွန်မတို့ တစ်တွေနဲ့ မိတ်ဆက်စကား ပြောပြီးတော့၊ Marker Pan ကို ကိုင်ပြီးတော့ စာသင်မယ် ထင်လို့ ထုံးစံအတိုင်း ပြန်ကျက်ရအောင် စာလိုက်ကူးဖို့ ဘောပင်နဲ့ စာအုပ်ထုတ်ပြီး စောင့်နေမိတယ်။ ဒါပေမဲ့ ဆရာမက ကျွန်မတို့ကို မေးခွန်းတစ်ခု စမေးပါတယ်။ ကျွန်မတို့ ဒီအရွယ် ရောက်နေပြီ ဆိုတော့-
“သူများက အဆင်သင့် နယ်ဖတ် ခြေထားတဲ့ ငှက်ပျောသီးကို ဇွန်းလေးနဲ့ အလွယ်တကူ စားချင်သလား။ ဒါမှမဟုတ် ကိုယ်တိုင် အခွံခွာ စားချင်သလား”
အဲဒီ အချိန်မှာ ကျွန်မရဲ့ စိတ်က ကိုယ်တိုင် အခွံခွာ စားချင်တဲ့ ဗီဇရှိမှန်း ကိုယ်တိုင် သိမြင်လာ ရပါတယ်။ ပြီးတော့ ဆရာမက ဆက်ပြောသေးတယ်။
“သူနာပြု တစ်ယောက်ရဲ့ တာဝန်ဟာ မလုပ် သင့်တာကို မလုပ်မိ ဖို့နဲ့၊ လုပ်သင့်တာကို မလုပ်ဘဲ မနေ မိအောင်ပါ”တဲ့။ ကျွန်မလေ အဲဒီ စကားကို နားထောင်မိ ကတည်းက စဉ်းစားစရာတွေ ၀င်လာတယ်။ သူနာပြု တစ်ယောက် အနေနဲ့ လုပ်သင့်တဲ့ အလုပ်က ဘာလဲ၊ မလုပ်သင့်တဲ့ အလုပ်က ဘာလဲဆိုတာ သိထားသင့် တယ်လေ။
အဲဒါတွေ သိဖို့ ကျွန်မရဲ့ သင်တန်း ကာလမှာ အားငယ် နေမယ့်အစား သိအောင်ကြိုးစား လုပ်ဆောင်ရမယ် ဆိုတဲ့အတွေး ၀င်လာပါတယ်။ သိအောင် ကြိုးစားတဲ့ အချိန်မှာ အခက် အခဲတွေ အများကြီး ရင်ဆိုင် ခဲ့ရပါတယ်။ ကျွန်မ ကိုယ်တိုင်က အခွံခွာ စားချင်တဲ့ ဗီဇနဲ့ လုပ်ငန်း တစ်ခုကို လုပ်ဆောင် လိုက်ပေမယ့် အဆင်သင့် နယ်ဖတ် ပြီးသားကို ဇွန်းနဲ့ ခွံ့ကျွေးချင်တဲ့ ပတ်ဝန်းကျင် အသိုင်း အ၀ိုင်းကြားမှာ အံဝင် ခွင်ကျ ဖြစ်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲ ခဲ့ပါတယ်။ ကိစ္စ တစ်ခုကို လုပ်ဆောင်လိုက်လို့ အကျိုးသင့် အကြောင်းသင့် ဘာကြောင့် ဘယ်လိုလုပ် တယ်ဆိုတာကို နားမထောင်ဘဲ သူတို့ကို နှုတ်လှန်ထိုး စောဒက တက်ကြတာ ပဲဆိုပြီး ဆက်မ ပြောနိုင်အောင် အာဏာသုံးပြီး ပိတ်ပင်ကြတယ်။
ကျွန်မ ပြောပြချင်တဲ့ စကားလုံးတွေကို ပြောပြခွင့် မရတဲ့ အခါမှာ စကားလုံး တွေဟာ ရင်ထဲမှာပဲ အစိုင်အခဲ တည်လာကြ ပါတယ်။ ရံဖန်ရံခါ ကြုံတာ ဆိုရင်တော့ အားတင်းရင်း ခံနိုင်ရည် ရှိအောင် ကြိုးစား ခဲ့ရပေမယ့် အကြိမ် အရေအတွက် များလာတဲ့ အခါမှာ ဆိုရင်တော့ ကျွန်မနဲ့ ဗီဇချင်း မတူဘဲ အင်အားများတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ပုံစံခွက်ထဲကို ကျွန်မ ၀င်ခဲ့ ရပါတယ်။
အဲဒီ အချိန်တွေမှာ ဆိုရင် ကျွန်မ ဘ၀မှာ ယုံကြည်မှုတွေ၊ အင်အားတွေ၊ မျှော်လင့်ချက်တွေ ကင်းမဲ့ပြီး တစ်နေ့ပြီး တစ်နေ့ အသက်ရှင် နေထိုင် ရတာကိုပဲ ပင်ပန်း ဆင်းရဲမှုလို့ မြင်လာပါတယ်။ ကျွန်မကို ယုံကြည်မှု အင်အားတွေ ဖြစ်ထွန်းစေတဲ့ စံနမူနာ ယူရင်း ခွန်အား ဖြစ်စေတဲ့ ဆရာမ ကတော့ ပြည်ပ ခရီးစဉ်၊ စာပေတာဝန်၊ ဆေးရုံ တာဝန်တွေနဲ့ အချိန်လု ယူနေရတဲ့ အတွက် ကျွန်မတို့ သင်တန်း သူတွေကို စာမသင် နိုင်တော့တဲ့ အချိန်မှာ ကျွန်မရဲ့ ယုံကြည်မှုတွေ၊ အင်အားတွေ ပျောက်ဆုံး နေခဲ့ပါတယ်။ ခံယူချက်ချင်း မတူတဲ့ ပတ်ဝန်းကျင် ကြားထဲမှာ ကျွန်မ ယုံကြည်ရာကို မြဲမြဲဆုပ်ကိုင် ထားနိုင်တဲ့ ခွန်အား မရှိ ရအောင်ကို ကျွန်မ ပျော့ညံ့ ခဲ့တာလား။ တစ်ရက်မှာတော့ ကျွန်မ O.P.D Duty ကျတဲ့နေ့မှာ ဆရာမကို နောက်တစ်ခေါက် တွေ့ရတော့ ကျွန်မအရမ်း အားတက်သွားတယ်။ အရမ်းလည်း ပျော်သွားတယ်။ လူနာတွေကို ကုသပေးရင်း၊ ဆရာဝန် ပေါက်စလေးတွေ မေးမြန်း နေတာကို ပြန်ဖြေရင်း အလုပ် ရှုပ်နေတဲ့ ဆရာမဟာ စာပေမိတ်ဆွေ တစ်ယောက်နဲ့ တွေ့ဆုံဖို့ ချိန်းထားတာ ကိုလည်း မမေ့ခဲ့ ပါဘူး။
အားငယ်နေတဲ့ ကျွန်မလေ ဆရာမကို စကား ပြောရင်းနဲ့ ကျွန်မရဲ့ ယုံကြည်မှု တွေကို ပြန်တည်ဆောက်ဖို့ ကြိုးစားချင်တဲ့ ဆန္ဒကို ကျွန်မရဲ့ ပတ်ဝန်းကျင်က-
“မင်း စောဒကတက် နှုတ်လှန် ထိုးတာတွေ များနေပြီနော်” ဆိုတဲ့ စကားနဲ့ ပိတ်ပင်ကြတယ်။ ကျွန်မ ဘာတွေကို ဘယ်လို ရင်ဆိုင် ရမှာလဲ။ ကျွန်မနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ပတ်ဝန်းကျင်ကို ကျွန်မ ဆက်နေဖို့ မသင့်တော့တဲ့ အခြေ အနေမို့ စွန့်ခွာ လာခဲ့ ရပါတယ်။ လေ့ကျင့်နေထိုင် နေရင်းနဲ့ပဲ လူဆိုး ဖြစ်ခဲ့ရပေါင်း များလာခဲ့ ပါတယ်။ တစ်ရက်မှာတော့ ဆရာမ ရေးတဲ့ “အပြန်အလှန် နားထောင်ပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ ပြောပြချင် နေခဲ့တဲ့ စကားကို ပြောပြ ရဲခဲ့ပါပြီ။
အဲဒီလိုပဲ သူတစ်ပါး ပြောပြချင်တဲ့ အကြောင်းအရာ တွေကိုလည်း နားထောင်တတ်အောင် လေ့ကျင့် နိုင်ခဲ့ပါပြီ။ ကိုယ်တိုင်ကလည်း ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ခွန်အားတွေ ပေးဝေနိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစား နေဆဲပါ။ ကျွန်မတို့လို လူငယ်များ ကိုလည်း ကိုယ်ပြောပြ ချင်တဲ့ စကားများကို ပြောပြခွင့် ရအောင် ကြိုးစားကြ ပါလို့ ပြောချင်ပါတယ်။ အဲဒီလို ကိုယ်တိုင် အခွံခွာ စားရတဲ့ ငှက်ပျောသီးရဲ့ အရသာကို သိနိုင်အောင် ပြန်လည် မျှဝေချင်တဲ့ ဆန္ဒနဲ့ အတူ ဆရာမကို ထာဝရ ကျေးဇူးတင် အတုယူ နေမှာပါ။

ချယ်ရီချို၊မုံရွာ၊
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း(teen magazine)၊ နိုဝင်ဘာ၂၀၁၁ခုနှစ်။
၂၁ ရာစု နိုက်တင်ဂေးလ်
![]() |
ပန်းချီ- လင်းဝဏ္ဏ |
Experience
Exchange ကဏ္ဍမှာ ပါဝင်နိုင်ဖို့ “တို့” အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။
မအောင်မြင်ခဲ့ဘူး။
“တို့” ကိုယ် “တို့” လည်း ယုံကြည်မှု မရှိဘူး။ “တို့”ပတ်ဝန်းကျင်၊
မိသားစုနဲ့ “တို့”၀ါသနာကို သိမ်းမထားနိုင်လို့ “တို့” ကြိုးစားပြီး
ရေးလိုက်တယ်။ “တို့” ပြောပြချင်တာက “တို့” ရန်ကုန်မှာ တက်ခဲ့တဲ့ တစ်နှစ်တာ
ကာလမှာ ကြုံခဲ့တဲ့ အဖြစ်အပျက်လေး ပါပဲ။
Nurse Aid အနေနဲ့ O.G Ward ထဲမှာ စ၀င်တဲ့ အချိန်မှာပေါ့။ “တို့ Section မှာ ၁၂ ယောက် ရှိတယ်။ ၅ ယောက်တစ်ဖွဲ့နဲ့ ၆ ယောက် ၂ ဖွဲ့ ဆိုပြီး ၃ ဖွဲ့ ခွဲပြီး အလုပ်လုပ် ရတယ်။ “တို့” ရဲ့အဖွဲ့က ၅ ယောက် အဖွဲ့ပေါ့။ Labour Room (မွေးခန်း) ၊ Ward (လူနာခန်း) နှင့် O.T (ခွဲခန်း)ရယ်ဆိုပြီး တာဝန်တွေကို အဖွဲ့လိုက် အလှည့်ကျ လုပ်ရတယ်။
Labour Room (မွေးခန်း) အဖွဲ့က ဗိုက်နာနေတဲ့ မိခင်တွေ၊ မွေးနေတဲ့ လူနာတွေကို ဆရာဝန်နဲ့ အတူ ကူညီ မွေးဖွား ပေးရတယ်။ ဆရာဝန်ရဲ့ အကူ လက်ထောက်ပေါ့။ တာဝန် အရမ်းကြီးတယ်။ Forceps (ကိရိယာ)တွေကိုလည်း နိုင်နင်းစွာ အသုံးပြုနိုင်ရမှာပေါ့။ Ward (လူနာခန်း)အဖွဲ့က မမွေးသေးဘဲ ဆေးရုံတက် နေရတဲ့ လူတွေ၊ မွေးပြီးသားဖြစ်တဲ့ မိခင်နဲ့ ကလေးတွေကို တာဝန်ယူပြီး ကြည့်ရှု စောင့်ရှောက်ပေးရတယ်။ အဖျားတိုင်း၊ သွေးပေါင်ချိန်တိုင်း၊ Chart Down,Drip ပုလင်းသွင်း Drip ကုန်ရင်လဲ စတဲ့ တာဝန်တွေ ယူရတယ်။
ဒါ့အပြင် ကိုယ့်တာဝန်ချိန်မှာလာတဲ့ ဆေးရုံ တက်ရမည့် လူနာတွေကိုလည်း ဆီးချက်၊ သွေးပေါင်ချိန်တိုင်း၊ အဖျားတိုင်း၊ လရင့်မရင့်စမ်း၊ ဖောတာ ရောင်တာ ရှိ၊ မရှိ စတာတွေကိုလည်း Ward မှာ တာဝန်ကျတဲ့ သူကပဲ တာဝန်ယူပေးရတယ်။ O.T အဖွဲ့ ကျပြန်တော့လည်း ခွဲခန်းမှာ ခွဲပေးရမယ့် လူနာကို မခွဲခင် ညမှာတိုက်ရမယ့် ဆေးတိုက်၊ ၀မ်းသွားခိုင်းနဲ့ မနက်ကျပြန်တော့ ခွဲခန်းဝတ်စုံပြင်၊ ဆေးပုလင်းတွေ၊ ဆေးထိုးအပ်တွေ Drip ကြိုးတွေပြင် ပလာစတာစတဲ့ အသေးအဖွဲတွေနဲ့အတူ လူနာနဲ့ လိုက်ဝင်လိုက်တာ လူနာတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားတယ် “တို့”တွေနဲ့ ဒေါက်တာတွေကတော့ ပင်တိုင်စံ အပြုံးမပျက်ဘဲ ကျန်ခဲ့တယ်။
ခွဲခန်းထဲက ထွက်လာတဲ့ လူနာကို ခွဲခန်းဝတ်စုံနဲ့ ရိုးရိုးအင်္ကျီ ပြန်လဲပေး၊ Dripပြန်သွင်း၊ ပေါင်ပြန်ချိန်၊ အဖျားပြန်တိုင်းနဲ့ နာကျင်ခံစားနေရတဲ့ သူတို့တွေကို အပြုံးတွေနဲ့အတူ နှစ်သိမ့် အားပေးတတ်ရ ပြန်တာပါပဲ။ “တို့” Labour Room ထဲမှာ တာဝန် ကျနေချိန်“တို့” Assist လုပ်ပြီး မွေးပေးခဲ့တဲ့ လူနာတစ်ယောက်ကို အခုချိန်ထိ မှတ်မှတ်ရရ ရှိနေတုန်းပဲ။ လူနာ ဗိုက်စနာတဲ့ အချိန် မနက်တည်းကစပြီး “တို့” သူ့ဘေးနားမှာ ရှိနေခဲ့တယ်။ ဗိုက်နာလို့ဆိုပြီး အားကိုးတကြီးနဲ့ “တို့” လက်ကို ဆုပ်ကိုင်ပြီး ညှစ်ထားတာ “တို့”လက်တွေ ယောင်တောင်နေတယ်။
သူက မွေးရခက်တယ်။ တော်တော်နဲ့ ကိုမမွေးနိုင်ဘူး။ သူက ဗိုက်နာလို့ အော်ငို၊ ဆရာဝန်ကလည်း ခဏခဏ လာကြည့်ပေးပါတယ်။ သားဦးဆိုတော့ အတွေ့အကြုံ မရှိသေးတာရယ် မွေးဖွားရခက်တာနဲ့ပဲ နေ့တစ်ဝက် အချိန်ကုန်သွားတယ်။ ဒီလိုနဲ့ နေ့လယ် ၂ နာရီလောက်မှာ ဆေးတွေတစ်လုံးပြီး တစ်လုံးသွင်း၊ ဆေးတွေထိုးနဲ့ ခက်ခက်ခဲခဲ မွေးယူပြီး အချင်း ချလိုက်တယ်။ အချင်းလည်းချပြီးတဲ့ အချိန်မှာ အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တာပဲ။ “တို့” သွေး ပေါင်ချိန် တိုင်းတဲ့အခါမှာ သွေးခုန်သံကို မကြားရလို့ပဲ။ “တို့” လည်း စိုးရိမ်စိတ် ရုတ်တရက်ဝင်သွားပြီး Doctor ကို ပြေးပြော၊Doctor က ပြန်တိုင်းတော့ Pressure က 90/50တဲ့။ Pressure အရမ်းကျနေပြီ။
နောက်ထပ်ဆေးသွင်း၊ Drip ချိတ်၊ ဆေးထိုးနဲ့ အားလုံးရှုပ်ယှက်ခတ်သွားတာပဲ။Doctor တွေ၊ Blue Staffတွေ၊ Sister တွေ၊ Nurse တွေဆိုတာချက်ချင်း ကမ္ဘာပျက် သွားသလိုပဲ။ အားလုံးကို အချိန်တို အတွင်း တက်ညီ လက်ညီနဲ့ လှုပ်ရှားလိုက်တာ လူနာ တစ်ယောက်ရဲ့ အသက် တစ်ချောင်းကို ကယ်တင်လိုက်နိုင်တယ်။ အဲဒီအချိန်မှာ “တို့” ရဲ့ ခံစားမှု က ဘယ်လိုပြန် ပြောရမလဲဆိုတာတောင် မသိ လောက်အောင်ပဲ။ ကြောက်စိတ်ဝင်သွားတာရော၊ သနားတာရော၊ စိုးရိမ်သွားတာရော အိုး အားလုံးကို တစ်ပြိုင်နက်တည်းမှာပဲ ခံစားလိုက်ရတယ်။ ကိုယ်Assist လုပ်တဲ့ လူနာရဲ့ အခြေအနေ အကောင်းအဆိုးဟာ အဲဒီ Nurse ပေါ်မှာ ခပ်များများ မူတည် နေတတ်တယ်လေ။
အဲဒီအချိန်မှာ လူနာကိုသွေးသွင်းဖို့ အရေး တကြီးလိုတယ်တဲ့။ သွေးကို သူ့မိသားစုထဲမှာ ရှာဖို့ ကြည့်လိုက်တော့ သူ့မိခင်အို တစ်ယောက်နဲ့ သုံးနှစ်သားအရွယ် ကလေး တစ်ယောက်ပဲ ဆေးရုံကို ပါလာတယ်။ သွေးဝယ်နိုင်တဲ့ အင်အား မရှာရှိတဲ့ လူနာကိုကြည့်ပြီး အမြဲ တွေဝေလေ့ရှိတဲ့ “တို့” ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင် နိုင်ချလိုက်တယ်။ အဲဒီနောက် သွေးပေါင်ချိန် သွားတိုင်းတယ်။ B.P ကလည်း OK ပင်ပန်းနေပေမယ့်လည်း သွေးလှူလိုက်တယ်။ “တို့” ခန္ဓာကိုယ်ထဲကသွေးတွေ ထုတ်ယူဖို့ အပ်ကြီးကြီးနဲ့ တို့လက်မောင်း သွေးကြောထဲ စိုက်ထည့်ပြီး သွေးထုတ်လိုက်တယ်။ ပိုက်ထဲကတစ်ဆင့် ဆင်းသွားတဲ့ သွေးတွေကို ကြည့်ပြီး “တို့”ပီတိဖြစ်နေမိတယ်။ အဲဒီ အချိန်မှာရလိုက်တဲ့ “ကြည်နူး ပီတိ” ကို ပြန်စဉ်းစားတဲ့ အချိန်တိုင်းမှာ ပြန်ခံစားရတယ်။“တို့” စဉ်းစားမိတဲ့ အချက်က ၀ါသနာပါတဲ့ အလုပ်ကိုသာ ကြိုးကြိုးစားစားနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်မိမှာ လူတိုင်းပဲလို့ ထင်မိပါတော့တယ်။

ချယ်ရီချို၊မုံရွာ၊
Teen Magazine (ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း) တွင် 2009 ခု December တွင် စတင်ရွေးချယ်ခြင်း ခံရသော စာမူတစ်ပုဒ်
|
Tuesday, April 10, 2012
သုံးနားညီတြိဂံ
အေးချမ်းတဲ့ “ မေတ္တာ ”
ခိုင်မြဲနှောင်တွယ်တဲ့ “ သံယောဇဉ် ”
လုံခြုံနွေးထွေးတဲ့ “ အချစ်”
ဒီအနားသုံးဖက်ဟာ
“ ထာဝစဉ် ” ခိုင်မြဲ အေးချမ်း
တည်တံ့နေခံမယ်ဆိုရင်
“ သုံးနားညီတြိဂံ ” လို
“ လှပ ” တဲ့ “ ဘ၀”
ပိုင်ဆိုင်နိုင်မယ်ထင်တယ်နော်။
ချယ်ရီချို (မုံရွာ)
ခိုင်မြဲနှောင်တွယ်တဲ့ “ သံယောဇဉ် ”
လုံခြုံနွေးထွေးတဲ့ “ အချစ်”
ဒီအနားသုံးဖက်ဟာ
“ ထာဝစဉ် ” ခိုင်မြဲ အေးချမ်း
တည်တံ့နေခံမယ်ဆိုရင်
“ သုံးနားညီတြိဂံ ” လို
“ လှပ ” တဲ့ “ ဘ၀”
ပိုင်ဆိုင်နိုင်မယ်ထင်တယ်နော်။
ချယ်ရီချို (မုံရွာ)
Subscribe to:
Posts (Atom)