  |
ပန်းချီ- ဇော်မောင် |
ရှုပ်ထွေးလှတဲ့ လူ့ဘ၀မှာ ကျင်လည် နေကြတဲ့ လူသားတွေဟာ အသိပညာ၊ အတတ်ပညာ၊
အသိစိတ် တွေနဲ့ သူတို့ရဲ့ လူ့ဘ၀ သက်တမ်း
တစ်လျှောက်မှာ ကောင်းမွန် သင့်တင့် မျှတစွာ နေထိုင်နိုင်ဖို့
နည်းအဖုံဖုံနဲ့ အသုံးချရ စမြဲပါ။ အဲဒီလို အသိပညာ၊ အတတ် ပညာနဲ့ အသိစိတ်များ
ရရှိအောင် သင်ကြား ယူရတာ ရှိသလို ဘုရားက ပေးတဲ့ မျက်စိ၊ နား၊
ဦးနှောက်တွေကို အသုံးချပြီး တတ်မြောက် ရတာလည်း ရှိပါတယ်။
သင်ကြားပေးတဲ့
သင်ဆရာ များကို ကျွန်မတို့ ငယ်စဉ် ကျောင်းနေစဉ်မှာ စတင် ထိတွေ့ခွင့်
ရကြပါတယ်။ အနေအထိုင်၊ အသွားအလာ၊ အပြော အဆို စတာတွေ ကိုပါ ကျောင်းက
သင်ကြားပေး လေ့ရှိပါတယ်။ ဘုန်းကြီးကျောင်း သွားတဲ့ အခါမှာလည်း ဆရာတော်က
ဆုံးမလေ့ ရှိတယ်။ လူ့ဘ၀ သက်တမ်းကို အများဆုံး ကုန်ဆုံးချိန် ဖြစ်တဲ့
မိသားစုနဲ့ အတူ နေထိုင်တဲ့ အခါမှာလည်း မိဘ၊ အစ်ကို၊ အစ်မ၊ ဦးလေး၊
အဒေါ်စတဲ့ ဆွေမျိုး များကလည်း “အိုး ကောင်း လိုချင်ရင် နာနာပုတ်” ဆိုတဲ့
စကား အတိုင်းပဲ လိမ္မာ ယဉ်ကျေးအောင် ဆုံးမလေ့ ရှိပြန်တယ်။ သူတို့ရဲ့
ကောင်းစေချင်တဲ့ ဆန္ဒနဲ့ ဆုံးမတဲ့ စကားတွေ အားလုံးကို ကျွန်မတို့ တစ်တွေဟာ
အမြဲတမ်း လက်ခံ နားထောင် ရပါတယ်။
သိချင်တဲ့ အကြောင်း အရာတွေ၊
တွေးမိတဲ့ အရာတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေကို အလေး အနက်ထား တိုင်ပင်
ဆွေးနွေးခွင့် မရရှိ ခဲ့ကြပါဘူး။ ပြောလာတဲ့ စကားလုံးတွေ အားလုံးကို
လိုက်နာ နိုင်အောင်ပဲ လေ့ကျင့် ရပါတယ်။ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်နိုင်တဲ့
အလေ့အကျင့် မရရှိ ပါဘူး။ အနောက် နိုင်ငံမှာ ဆိုရင် အရွယ် ငယ်ရွယ်သေး
ပေမယ့် သူတို့ပြောပြ ချင်တဲ့ စကားတွေကို တစ်ဖက်လူနဲ့ ဆွေးနွေးတိုင်ပင်
ခွင့်တွေ ရရှိ ကြပါတယ်။ ကျွန်မမှာလည်း ပြောပြချင် ခဲ့တဲ့ စကားတွေ ရှိပါတယ်။
ကျွန်မ ဒီစာကို ရေးဖို့ ရည်ရွယ်ခဲ့တာ တော်တော်ကို ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့
၃ နှစ်လောက် ကတည်းက ရေးချင်နေတဲ့ ဆန္ဒကို သင့်တော်ပါ့ မလား၊ လက်ခံ
ကြပါ့မလား ဆိုတဲ့ အတွေးတွေနဲ့ ဒီစာကို ရေးချင်တဲ့ ဆန္ဒကို ထိန်းချုပ်နေခဲ့
ရတာပါ။ အချိန်တွေ ကြာလာတာနဲ့ အမျှ ပြောပြ ချင်ခဲ့တဲ့ စကားများရဲ့ အစိုင်
အခဲဟာ လျော့ပါး မသွားဘဲ ပိုမိုကြီးထွား လာခဲ့ပါတယ်။
အချိန်တိုင်းမှာ
အဲဒီအကြောင်း တွေကိုပဲ စဉ်းစား မိနေတယ်။ ရုံးမှာ၊ အိမ်မှာ နေ့စဉ်ကြုံတွေ့
နေရတဲ့ အကြောင်းတွေ၊ ခံစားချက်တွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ လက်ရှိ
ဖြစ်နေတဲ့ အကြောင်းတွေကို ပြောပြချင်တယ်။ ကျွန်မ ပြောပြချင်တဲ့ အကြောင်း
အရာတွေကို လက်ခံ နားထောင်ပြီး အပြန်အလှန် ဆွေးနွေးပေးဖို့ ကျွန်မ
အမှန်တကယ် လိုအပ် နေတာပါ။ ကျွန်မ ၂၀၀၈ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ Nurse
Aid သင်တန်း တက်တုန်းက ကျွန်မ ဖြစ်ချင်တဲ့ ဆန္ဒကို အသေအချာ သိခွင့်
ရခဲ့ပါတယ်။
ပြီးတော့ ကျွန်မ ဘာတွေကို ဘယ်လို ဖြစ်စေချင် တာကိုပါ
ဆရာမ တစ်ယောက်ရဲ့ စကား တစ်ခွန်းနဲ့တင် ရှင်းရှင်းလင်းလင်း သိခဲ့ ရပါတယ်။
ကျွန်မတို့ သင်တန်းသူတွေ အားလုံးဟာ မနက် ၈ နာရီဆိုရင် Lecture
ခန်းထဲဝင်ပြီး စာတွေ့ကို တစ်နာရီခွဲ ကြာအောင် လေ့လာသင်ယူ ရပါတယ်။
သက်ဆိုင်ရာ ဘာသာရပ် ဆရာဝန်၊ ဆရာမ များက သင်ကြား ပေးပါတယ်။ ပြီးရင်တော့
Ward ထဲ ဆင်းပြီး လက်တွေ့လုပ်ကြ ရပါတယ်။ သင်တန်း တက်ခါစ၊ နယ်က မိဘတွေကို
ခွဲပြီးတော့ ရန်ကုန်လို မြို့ကြီးမှာ နေခါစ ဆိုတော့ အားငယ် နေတာတော့
အမှန်ပါပဲ။
ဒီနေ့ Lecture ခန်းထဲကို ဆရာမ အသစ်က ၀င်မှာဆိုတော့
ဘာသင်မှာလဲ ဆိုပြီး စိတ်ဝင်တစား စောင့်နေမိတယ်။ ဆရာမ ကတော့ အခန်းထဲကို
ဝင်လာပါပြီ။ ကျွန်မတို့ တစ်တွေနဲ့ မိတ်ဆက်စကား ပြောပြီးတော့၊ Marker Pan
ကို ကိုင်ပြီးတော့ စာသင်မယ် ထင်လို့ ထုံးစံအတိုင်း ပြန်ကျက်ရအောင်
စာလိုက်ကူးဖို့ ဘောပင်နဲ့ စာအုပ်ထုတ်ပြီး စောင့်နေမိတယ်။ ဒါပေမဲ့ ဆရာမက
ကျွန်မတို့ကို မေးခွန်းတစ်ခု စမေးပါတယ်။ ကျွန်မတို့ ဒီအရွယ် ရောက်နေပြီ
ဆိုတော့-
“သူများက အဆင်သင့် နယ်ဖတ် ခြေထားတဲ့ ငှက်ပျောသီးကို ဇွန်းလေးနဲ့ အလွယ်တကူ စားချင်သလား။ ဒါမှမဟုတ် ကိုယ်တိုင် အခွံခွာ စားချင်သလား”
အဲဒီ အချိန်မှာ ကျွန်မရဲ့ စိတ်က ကိုယ်တိုင် အခွံခွာ စားချင်တဲ့
ဗီဇရှိမှန်း ကိုယ်တိုင် သိမြင်လာ ရပါတယ်။ ပြီးတော့ ဆရာမက ဆက်ပြောသေးတယ်။
“သူနာပြု တစ်ယောက်ရဲ့ တာဝန်ဟာ မလုပ် သင့်တာကို မလုပ်မိ ဖို့နဲ့၊
လုပ်သင့်တာကို မလုပ်ဘဲ မနေ မိအောင်ပါ”တဲ့။ ကျွန်မလေ အဲဒီ စကားကို
နားထောင်မိ ကတည်းက စဉ်းစားစရာတွေ ၀င်လာတယ်။ သူနာပြု တစ်ယောက် အနေနဲ့
လုပ်သင့်တဲ့ အလုပ်က ဘာလဲ၊ မလုပ်သင့်တဲ့ အလုပ်က ဘာလဲဆိုတာ သိထားသင့် တယ်လေ။
အဲဒါတွေ သိဖို့ ကျွန်မရဲ့ သင်တန်း ကာလမှာ အားငယ် နေမယ့်အစား
သိအောင်ကြိုးစား လုပ်ဆောင်ရမယ် ဆိုတဲ့အတွေး ၀င်လာပါတယ်။ သိအောင်
ကြိုးစားတဲ့ အချိန်မှာ အခက် အခဲတွေ အများကြီး ရင်ဆိုင် ခဲ့ရပါတယ်။ ကျွန်မ
ကိုယ်တိုင်က အခွံခွာ စားချင်တဲ့ ဗီဇနဲ့ လုပ်ငန်း တစ်ခုကို လုပ်ဆောင်
လိုက်ပေမယ့် အဆင်သင့် နယ်ဖတ် ပြီးသားကို ဇွန်းနဲ့ ခွံ့ကျွေးချင်တဲ့
ပတ်ဝန်းကျင် အသိုင်း အ၀ိုင်းကြားမှာ အံဝင် ခွင်ကျ ဖြစ်ဖို့ဆိုတာ
တော်တော်လေးကို ခက်ခဲ ခဲ့ပါတယ်။ ကိစ္စ တစ်ခုကို လုပ်ဆောင်လိုက်လို့
အကျိုးသင့် အကြောင်းသင့် ဘာကြောင့် ဘယ်လိုလုပ် တယ်ဆိုတာကို နားမထောင်ဘဲ
သူတို့ကို နှုတ်လှန်ထိုး စောဒက တက်ကြတာ ပဲဆိုပြီး ဆက်မ ပြောနိုင်အောင်
အာဏာသုံးပြီး ပိတ်ပင်ကြတယ်။
ကျွန်မ ပြောပြချင်တဲ့ စကားလုံးတွေကို
ပြောပြခွင့် မရတဲ့ အခါမှာ စကားလုံး တွေဟာ ရင်ထဲမှာပဲ အစိုင်အခဲ တည်လာကြ
ပါတယ်။ ရံဖန်ရံခါ ကြုံတာ ဆိုရင်တော့ အားတင်းရင်း ခံနိုင်ရည် ရှိအောင်
ကြိုးစား ခဲ့ရပေမယ့် အကြိမ် အရေအတွက် များလာတဲ့ အခါမှာ ဆိုရင်တော့
ကျွန်မနဲ့ ဗီဇချင်း မတူဘဲ အင်အားများတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း
ပုံစံခွက်ထဲကို ကျွန်မ ၀င်ခဲ့ ရပါတယ်။
အဲဒီ အချိန်တွေမှာ ဆိုရင်
ကျွန်မ ဘ၀မှာ ယုံကြည်မှုတွေ၊ အင်အားတွေ၊ မျှော်လင့်ချက်တွေ ကင်းမဲ့ပြီး
တစ်နေ့ပြီး တစ်နေ့ အသက်ရှင် နေထိုင် ရတာကိုပဲ ပင်ပန်း ဆင်းရဲမှုလို့
မြင်လာပါတယ်။ ကျွန်မကို ယုံကြည်မှု အင်အားတွေ ဖြစ်ထွန်းစေတဲ့ စံနမူနာ
ယူရင်း ခွန်အား ဖြစ်စေတဲ့ ဆရာမ ကတော့ ပြည်ပ ခရီးစဉ်၊ စာပေတာဝန်၊ ဆေးရုံ
တာဝန်တွေနဲ့ အချိန်လု ယူနေရတဲ့ အတွက် ကျွန်မတို့ သင်တန်း သူတွေကို စာမသင်
နိုင်တော့တဲ့ အချိန်မှာ ကျွန်မရဲ့ ယုံကြည်မှုတွေ၊ အင်အားတွေ ပျောက်ဆုံး
နေခဲ့ပါတယ်။ ခံယူချက်ချင်း မတူတဲ့ ပတ်ဝန်းကျင် ကြားထဲမှာ ကျွန်မ
ယုံကြည်ရာကို မြဲမြဲဆုပ်ကိုင် ထားနိုင်တဲ့ ခွန်အား မရှိ ရအောင်ကို ကျွန်မ
ပျော့ညံ့ ခဲ့တာလား။ တစ်ရက်မှာတော့ ကျွန်မ O.P.D Duty ကျတဲ့နေ့မှာ ဆရာမကို
နောက်တစ်ခေါက် တွေ့ရတော့ ကျွန်မအရမ်း အားတက်သွားတယ်။ အရမ်းလည်း
ပျော်သွားတယ်။ လူနာတွေကို ကုသပေးရင်း၊ ဆရာဝန် ပေါက်စလေးတွေ မေးမြန်း
နေတာကို ပြန်ဖြေရင်း အလုပ် ရှုပ်နေတဲ့ ဆရာမဟာ စာပေမိတ်ဆွေ တစ်ယောက်နဲ့
တွေ့ဆုံဖို့ ချိန်းထားတာ ကိုလည်း မမေ့ခဲ့ ပါဘူး။
အားငယ်နေတဲ့
ကျွန်မလေ ဆရာမကို စကား ပြောရင်းနဲ့ ကျွန်မရဲ့ ယုံကြည်မှု တွေကို
ပြန်တည်ဆောက်ဖို့ ကြိုးစားချင်တဲ့ ဆန္ဒကို ကျွန်မရဲ့ ပတ်ဝန်းကျင်က-
“မင်း စောဒကတက် နှုတ်လှန် ထိုးတာတွေ များနေပြီနော်” ဆိုတဲ့ စကားနဲ့
ပိတ်ပင်ကြတယ်။ ကျွန်မ ဘာတွေကို ဘယ်လို ရင်ဆိုင် ရမှာလဲ။ ကျွန်မနဲ့
အံဝင်ခွင်ကျ မဖြစ်တဲ့ ပတ်ဝန်းကျင်ကို ကျွန်မ ဆက်နေဖို့ မသင့်တော့တဲ့ အခြေ
အနေမို့ စွန့်ခွာ လာခဲ့ ရပါတယ်။ လေ့ကျင့်နေထိုင် နေရင်းနဲ့ပဲ လူဆိုး
ဖြစ်ခဲ့ရပေါင်း များလာခဲ့ ပါတယ်။ တစ်ရက်မှာတော့ ဆရာမ ရေးတဲ့ “အပြန်အလှန်
နားထောင်ပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ
ပြောပြချင် နေခဲ့တဲ့ စကားကို ပြောပြ ရဲခဲ့ပါပြီ။
အဲဒီလိုပဲ
သူတစ်ပါး ပြောပြချင်တဲ့ အကြောင်းအရာ တွေကိုလည်း နားထောင်တတ်အောင် လေ့ကျင့်
နိုင်ခဲ့ပါပြီ။ ကိုယ်တိုင်ကလည်း ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ခွန်အားတွေ
ပေးဝေနိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစား နေဆဲပါ။ ကျွန်မတို့လို
လူငယ်များ ကိုလည်း ကိုယ်ပြောပြ ချင်တဲ့ စကားများကို ပြောပြခွင့် ရအောင်
ကြိုးစားကြ ပါလို့ ပြောချင်ပါတယ်။ အဲဒီလို ကိုယ်တိုင် အခွံခွာ စားရတဲ့
ငှက်ပျောသီးရဲ့ အရသာကို သိနိုင်အောင် ပြန်လည် မျှဝေချင်တဲ့ ဆန္ဒနဲ့ အတူ
ဆရာမကို ထာဝရ ကျေးဇူးတင် အတုယူ နေမှာပါ။
ချယ်ရီချို၊မုံရွာ၊
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း(teen magazine)၊ နိုဝင်ဘာ၂၀၁၁ခုနှစ်။