Wednesday, April 11, 2012

၂၁ ရာစု နိုက်တင်ဂေးလ်

ပန်းချီ- လင်းဝဏ္ဏ

  Experience Exchange ကဏ္ဍမှာ ပါဝင်နိုင်ဖို့ “တို့” အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ “တို့” ကိုယ် “တို့” လည်း ယုံကြည်မှု မရှိဘူး။ “တို့”ပတ်ဝန်းကျင်၊ မိသားစုနဲ့ “တို့”၀ါသနာကို သိမ်းမထားနိုင်လို့ “တို့” ကြိုးစားပြီး ရေးလိုက်တယ်။ “တို့” ပြောပြချင်တာက “တို့” ရန်ကုန်မှာ တက်ခဲ့တဲ့ တစ်နှစ်တာ ကာလမှာ ကြုံခဲ့တဲ့ အဖြစ်အပျက်လေး ပါပဲ။

Nurse Aid အနေနဲ့ O.G Ward ထဲမှာ စ၀င်တဲ့ အချိန်မှာပေါ့။ “တို့ Section မှာ ၁၂ ယောက် ရှိတယ်။ ၅ ယောက်တစ်ဖွဲ့နဲ့ ၆ ယောက် ၂ ဖွဲ့ ဆိုပြီး ၃ ဖွဲ့ ခွဲပြီး အလုပ်လုပ် ရတယ်။ “တို့” ရဲ့အဖွဲ့က ၅ ယောက် အဖွဲ့ပေါ့။ Labour Room (မွေးခန်း) ၊ Ward (လူနာခန်း) နှင့် O.T (ခွဲခန်း)ရယ်ဆိုပြီး တာဝန်တွေကို အဖွဲ့လိုက် အလှည့်ကျ လုပ်ရတယ်။

Labour Room (မွေးခန်း) အဖွဲ့က ဗိုက်နာနေတဲ့ မိခင်တွေ၊ မွေးနေတဲ့ လူနာတွေကို ဆရာဝန်နဲ့ အတူ ကူညီ မွေးဖွား ပေးရတယ်။ ဆရာဝန်ရဲ့ အကူ လက်ထောက်ပေါ့။ တာဝန် အရမ်းကြီးတယ်။ Forceps (ကိရိယာ)တွေကိုလည်း နိုင်နင်းစွာ အသုံးပြုနိုင်ရမှာပေါ့။ Ward (လူနာခန်း)အဖွဲ့က မမွေးသေးဘဲ ဆေးရုံတက် နေရတဲ့ လူတွေ၊ မွေးပြီးသားဖြစ်တဲ့ မိခင်နဲ့ ကလေးတွေကို တာဝန်ယူပြီး ကြည့်ရှု စောင့်ရှောက်ပေးရတယ်။ အဖျားတိုင်း၊ သွေးပေါင်ချိန်တိုင်း၊ Chart Down,Drip ပုလင်းသွင်း Drip ကုန်ရင်လဲ စတဲ့ တာဝန်တွေ ယူရတယ်။

ဒါ့အပြင် ကိုယ့်တာဝန်ချိန်မှာလာတဲ့ ဆေးရုံ တက်ရမည့် လူနာတွေကိုလည်း ဆီးချက်၊ သွေးပေါင်ချိန်တိုင်း၊ အဖျားတိုင်း၊ လရင့်မရင့်စမ်း၊ ဖောတာ ရောင်တာ ရှိ၊ မရှိ စတာတွေကိုလည်း Ward မှာ တာဝန်ကျတဲ့ သူကပဲ တာဝန်ယူပေးရတယ်။ O.T အဖွဲ့ ကျပြန်တော့လည်း ခွဲခန်းမှာ ခွဲပေးရမယ့် လူနာကို မခွဲခင် ညမှာတိုက်ရမယ့် ဆေးတိုက်၊ ၀မ်းသွားခိုင်းနဲ့ မနက်ကျပြန်တော့ ခွဲခန်းဝတ်စုံပြင်၊ ဆေးပုလင်းတွေ၊ ဆေးထိုးအပ်တွေ Drip ကြိုးတွေပြင် ပလာစတာစတဲ့ အသေးအဖွဲတွေနဲ့အတူ လူနာနဲ့ လိုက်ဝင်လိုက်တာ လူနာတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားတယ် “တို့”တွေနဲ့ ဒေါက်တာတွေကတော့ ပင်တိုင်စံ အပြုံးမပျက်ဘဲ ကျန်ခဲ့တယ်။

ခွဲခန်းထဲက ထွက်လာတဲ့ လူနာကို ခွဲခန်းဝတ်စုံနဲ့ ရိုးရိုးအင်္ကျီ ပြန်လဲပေး၊ Dripပြန်သွင်း၊ ပေါင်ပြန်ချိန်၊ အဖျားပြန်တိုင်းနဲ့ နာကျင်ခံစားနေရတဲ့ သူတို့တွေကို အပြုံးတွေနဲ့အတူ နှစ်သိမ့် အားပေးတတ်ရ ပြန်တာပါပဲ။ “တို့” Labour Room ထဲမှာ တာဝန် ကျနေချိန်“တို့” Assist လုပ်ပြီး မွေးပေးခဲ့တဲ့ လူနာတစ်ယောက်ကို အခုချိန်ထိ မှတ်မှတ်ရရ ရှိနေတုန်းပဲ။ လူနာ ဗိုက်စနာတဲ့ အချိန် မနက်တည်းကစပြီး “တို့” သူ့ဘေးနားမှာ ရှိနေခဲ့တယ်။ ဗိုက်နာလို့ဆိုပြီး အားကိုးတကြီးနဲ့ “တို့” လက်ကို ဆုပ်ကိုင်ပြီး ညှစ်ထားတာ “တို့”လက်တွေ ယောင်တောင်နေတယ်။

သူက မွေးရခက်တယ်။ တော်တော်နဲ့ ကိုမမွေးနိုင်ဘူး။ သူက ဗိုက်နာလို့ အော်ငို၊ ဆရာဝန်ကလည်း ခဏခဏ လာကြည့်ပေးပါတယ်။ သားဦးဆိုတော့ အတွေ့အကြုံ မရှိသေးတာရယ် မွေးဖွားရခက်တာနဲ့ပဲ နေ့တစ်ဝက် အချိန်ကုန်သွားတယ်။ ဒီလိုနဲ့ နေ့လယ် ၂ နာရီလောက်မှာ ဆေးတွေတစ်လုံးပြီး တစ်လုံးသွင်း၊ ဆေးတွေထိုးနဲ့ ခက်ခက်ခဲခဲ မွေးယူပြီး အချင်း ချလိုက်တယ်။ အချင်းလည်းချပြီးတဲ့ အချိန်မှာ အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တာပဲ။ “တို့” သွေး ပေါင်ချိန် တိုင်းတဲ့အခါမှာ သွေးခုန်သံကို မကြားရလို့ပဲ။ “တို့” လည်း စိုးရိမ်စိတ် ရုတ်တရက်ဝင်သွားပြီး Doctor ကို ပြေးပြော၊Doctor က ပြန်တိုင်းတော့ Pressure က 90/50တဲ့။ Pressure အရမ်းကျနေပြီ။

နောက်ထပ်ဆေးသွင်း၊ Drip ချိတ်၊ ဆေးထိုးနဲ့ အားလုံးရှုပ်ယှက်ခတ်သွားတာပဲ။Doctor တွေ၊ Blue Staffတွေ၊ Sister တွေ၊ Nurse တွေဆိုတာချက်ချင်း ကမ္ဘာပျက် သွားသလိုပဲ။ အားလုံးကို အချိန်တို အတွင်း တက်ညီ လက်ညီနဲ့ လှုပ်ရှားလိုက်တာ လူနာ တစ်ယောက်ရဲ့ အသက် တစ်ချောင်းကို ကယ်တင်လိုက်နိုင်တယ်။ အဲဒီအချိန်မှာ “တို့” ရဲ့ ခံစားမှု က ဘယ်လိုပြန် ပြောရမလဲဆိုတာတောင် မသိ လောက်အောင်ပဲ။ ကြောက်စိတ်ဝင်သွားတာရော၊ သနားတာရော၊ စိုးရိမ်သွားတာရော အိုး အားလုံးကို တစ်ပြိုင်နက်တည်းမှာပဲ ခံစားလိုက်ရတယ်။ ကိုယ်Assist လုပ်တဲ့ လူနာရဲ့ အခြေအနေ အကောင်းအဆိုးဟာ အဲဒီ Nurse ပေါ်မှာ ခပ်များများ မူတည် နေတတ်တယ်လေ။

အဲဒီအချိန်မှာ လူနာကိုသွေးသွင်းဖို့ အရေး တကြီးလိုတယ်တဲ့။ သွေးကို သူ့မိသားစုထဲမှာ ရှာဖို့ ကြည့်လိုက်တော့ သူ့မိခင်အို တစ်ယောက်နဲ့ သုံးနှစ်သားအရွယ် ကလေး တစ်ယောက်ပဲ ဆေးရုံကို ပါလာတယ်။ သွေးဝယ်နိုင်တဲ့ အင်အား မရှာရှိတဲ့ လူနာကိုကြည့်ပြီး အမြဲ တွေဝေလေ့ရှိတဲ့ “တို့” ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင် နိုင်ချလိုက်တယ်။ အဲဒီနောက် သွေးပေါင်ချိန် သွားတိုင်းတယ်။ B.P ကလည်း OK ပင်ပန်းနေပေမယ့်လည်း သွေးလှူလိုက်တယ်။ “တို့” ခန္ဓာကိုယ်ထဲကသွေးတွေ ထုတ်ယူဖို့ အပ်ကြီးကြီးနဲ့ တို့လက်မောင်း သွေးကြောထဲ စိုက်ထည့်ပြီး သွေးထုတ်လိုက်တယ်။ ပိုက်ထဲကတစ်ဆင့် ဆင်းသွားတဲ့ သွေးတွေကို ကြည့်ပြီး “တို့”ပီတိဖြစ်နေမိတယ်။ အဲဒီ အချိန်မှာရလိုက်တဲ့ “ကြည်နူး ပီတိ” ကို ပြန်စဉ်းစားတဲ့ အချိန်တိုင်းမှာ ပြန်ခံစားရတယ်။“တို့” စဉ်းစားမိတဲ့ အချက်က ၀ါသနာပါတဲ့ အလုပ်ကိုသာ ကြိုးကြိုးစားစားနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်မိမှာ လူတိုင်းပဲလို့ ထင်မိပါတော့တယ်။                         

ချယ်ရီချို၊မုံရွာ၊
 Teen Magazine (ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း)  တွင် 2009 ခု December တွင် စတင်ရွေးချယ်ခြင်း ခံရသော စာမူတစ်ပုဒ်

1 comment:

  1. ဒီအတွေ့ အကြုံလေးကို သဘောကျပါတယ်...
    ရေးထားတာလေးတွေက တခြားစာရေးဆရာတွေလို
    မူယာမာယာတွေမသုံးဘဲ ရေးထားတာတွေက ချစ်စရာကောင်းနေပြန်ပါတယ်
    teenအတူတူ ဆုံခွင့်ရတဲ့အတွက်လည်း ၀မ်းသာပါတယ် ဆရာမရေ...
    ထော်ဦး

    ReplyDelete